ပျဉ်းမနား မတ် ၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လက်တွေ့အသုံးချ ဓာတ်ပုံပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ယခုဖွင့်လှစ်သည့် လက်တွေ့အသုံးချ ဓာတ်ပုံပညာသင်တန်းတွင် အရည်အသွေးကောင်းမွန်သည့် ဓာတ်ပုံများရိုက်ကူးတတ်စေရေး၊ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးရာတွင် စနစ်တကျ ရိုက်ကူးမှတ်တမ်းတင်နိုင်ရေး၊ ဒေသအတွင်းရှိ အထင်ကရနေရာများအား အများပြည်သူသိရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုရှိသည့် ဓာတ်ပုံများရိုက်ကူးနိုင်ရေး၊ ဓာတ်ပုံရိုက်ကူးရာတွင် လိုက်နာရမည့်အချက်များကို သိရှိပြီး ကျင့်ဝတ်နှင့်အညီ ရိုက်ကူးတတ်စေရေး စပ်လျဉ်း၍ ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဇော်မင်းလွင်က သင်တန်းစည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ သင်တန်းနည်းပြဆရာ ဦးကျော်ဇေယျ(ပျဉ်းမနား)က သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် သင်ခန်းစာများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဓာတ်ပုံဝါသနာရှင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိပြီး မတ်လ ၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့တိုင်း နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအထိ Camera Setting, Composition, Lighting Theory & Direction of Light, Concept, Portrait, Model, Landscape, Family Photo စသည့်ကဏ္ဍများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)