ပြင်ဦးလွင် မတ်လ ၄
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၅)ဦးကို အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စာရေးဆရာကိုရွှေအောင်သင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ သင်တန်းနည်းပြ ဒေါ်ယမင်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်းဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက သင်တန်းတွင် မျှဝေပေးအကြောင်းအရာများနှင့် ပြိုင်ပွဲကျင်းပမည့်အစီအစဉ်များကို ရှင်းပြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားအပြီးတွင် သင်တန်းနည်းပြ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အခမ်းအနားမှူးတစ်ဦးတွင်ရှိသင့်သည့်အရည်အချင်းများ၊ အခမ်းအနားအမျိုးအစားအလိုက် ကြိုတင်ပြင်ဆင်ရမည့် အစီအမံများ၊ အခမ်းအနားမှူး တစ်ဦးသိသင့်သိထိုက်သည့် ဆောင်ရန်/ ရှောင်ရန်များ၊ မြန်မာစာသဒ္ဒါအသုံးအနှုန်းနှင့် အသံအဖြတ်အတောက်များနှင့် လက်တွေ့လုပ်ဆောင်ရာတွင် ဖြစ်ပေါ်တတ်သည့်လုပ်ငန်းအတွေ့အကြုံများအား စာတွေ့/လက်တွေ့ မျှဝေသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား အခမ်းအနားမှူးတာဝန်ထမ်းဆောင်ရာ၌ ကျွမ်းကျင်မှုရှိစေရန်နှင့် မိမိတို့ကျောင်းများတွင် အခမ်းအနားများကျင်းပရာ၌ အခမ်းအနားမှူးအဖြစ် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ မတ်လ ၄ရက်နေ့မှ ၆ရက်နေ့အထိ သုံးရက်ကြာ စာတွေ့/လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သွေးသွေး(ခရိုင် ပြန်/ဆက်)