ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်၊ မှန်ကျောင်းတိုက်ကြီးတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ပုဗ္ဗသီရိ  မတ် ၄

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်၊ မှန်ကျောင်းတိုက်ကြီးတွင် ဆရာတော် ဦးပရမဦးစီး၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ ဗုဒ္ဓအကြောင်း ကောင်းစွာသိမှ ဗုဒ္ဓကိုလည်း ကြည်ညိုမည်ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များအားလုံး ဗုဒ္ဓအကြောင်းကောင်းစွာသိရှိကြစေရန်၊ ဗုဒ္ဓဟောကြား မြတ်တရားတော်များကို လေ့လာနိုင်စေရန် ရည်ရွယ်၍ သင်တန်းနည်းပြ ဆရာတော်သုံးပါးတို့က အခြေခံယဉ်ကျေးမှု၊ ကြီးပွားချမ်းသာ မင်္ဂလာတရားတော်များ၊ စာရိတ္တဆိုင်ရာ လိုက်နာကျင့်ဖွယ်များ၊ ဂေါတမဗုဒ္ဓဝင်၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များ အပါအဝင် သုတစုံလင်ဗုဒ္ဓဝင်ဆိုင်ရာ သင်ခန်းစာများကို မတ်လမှ ဧပြီလ အထိ နေ့စဉ်မွန်းလွဲ ၁ နာရီခွဲမှ ၄ နာရီထိ သင်ကြားပေးမည်ဖြစ်သည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စသည့်ဖြင့် အတန်း ၃ တန်းခွဲ၍ သင်ကြားပို့ချပေးမည်ဖြစ်ရာ၊ နှစ်ထပ်ဓမ္မာရုံတွင် မူလတန်းအဆင့်ကို ဆရာတော် ဦးကုသလက ကိုရင် (၁၂)ပါး၊ သီလရှင် (၁၀)ပါးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့ကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သီလကြေးမုံ သုံးထပ်ဆောင်တွင် အလယ်တန်းအဆင့်ကို ဆရာတော် ဦးဉာဏဝရက ကိုရင် (၂၅)ပါး၊ သီလရှင် သုံးပါး၊ ကျောင်းသား၊ ကျောင်းသူ (၃၃)ဦးတို့ကို သင်ကြားပို့ချပေးမည်ဖြစ်သည်။ မှန်ကျောင်းတော်ကြီးတွင် အထက်တန်းအဆင့်ကို ဆရာတော်ဦးပညာနန္ဒက ကိုရင် ခုနှစ်ပါး၊ ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးတို့ကို ပိတ်ရက်မရှိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)