မြစ်သား မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူးဖွင့်လှစ်သော နွေရာသီ အခြေခံစာစီစာကုံးရေးနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိမွန်က နွေရာသီတွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များအတွက် ပညာရေးအထောက်အကူပြုစေရန်၊ စာစီစာကုံးရေးသားရာတွင် လိုအပ်သည့် အကြောင်းအရာများကို ပြည့်စုံစွာ ရေးသားတတ်စေရန်နှင့်နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာကြီး ဦးညွှန့်ဝင်းမှလည်း စာစီစာကုံးရေးရာတွင် ပါဝင်ရမည်အခြေခံအချက်များ၊ စာသားအကြောင်းအရာများနှင့်လိုက်နာရမည့် စည်းကမ်းချက်များကို ကျောင်းသား/ကျောင်း သူများအား သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံစာစီစာကုံးရေးနည်းသင်တန်းကို မတ်လ(၄)ရက်နေ့မှ မတ်လ(၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မြစ်သားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၂)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)