တံတားဦးမြို့နယ်ရှိ တိရစ္ဆာန်ကာကွယ်ဆေးများကို ထိုးနှံပေး

တံတားဦး မတ် ၄

တံတားဦးခရိုင် တံတားဦးမြို့နယ်ရှိ တိရစ္ဆာန်များအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးများကို ရာသီအလိုက် နှစ်စဉ်အလှည့်ကျ ထိုးနှံပေးကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေးများဖြစ်သည့် ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ဒေါင့်သန်းရောဂါနှင့်လည်ချောင်ကွဲရောဂါစသည့်တို့အား တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၇)အုပ်၊  တိရစ္ဆာန်ကောင်ရေ(၁၅၅၀)ကောင် ထိုးနှံပြီးစီးကြောင်း သိရသည် ။

တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အဖွဲ့ငယ်ခွဲဖွဲ့ခွဲ၍ ကာကွယ်ဆေးများထိုးနှံပေးနေခဲ့ပါကြောင်း၊ ကျွဲ၊ နွားများ၌မိုးရာသီတွင် ဖြစ်ပွားသောရောဂါမှာ ပေါင်ပုပ်လက်ပုပ်ရောဂါဖြစ်ပြီး လည်ချောင်းကွဲရောဂါသည် ရေဝင်ရောက်သောဒေသများတွင် အဖြစ်များပါကြောင်း၊ ထောင့်သန်းရောဂါသည် အပူလွန်ကဲသောလ၌ အဖြစ်များသောကြောင့် ကာကွယ်ဆေးများကို ရာသီအလိုက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်စုများရှိ တိရိစ္ဆာန်ကျန်းမာရေးလုပ်သားနှင့်ပူးပေါင်းပြီး ထိုးနှံပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ မွေးမြူထားသော ကျွဲ၊ နွားများ သေကြေပျက်စီးခြင်းမှ ကာကွယ်ကင်းဝေးပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည် ။

တံတားဦးမြို့နယ် ပြူကန်ကျေးရွာတွင် တိရစ္ဆာန်ကောင်ရေ(၂၀၀)ကောင်၊ တောင်ပြုံးကျေးရွာတွင် (၂၀၀)ကောင်၊ ပျားကျေးရွာတွင် ကောင်ရေ(၂၀၀)ကောင် စုစုပေါင်းကောင်ရေ(၆၀၀)ကို ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးကိုလည်းကောင်း၊ သူငယ်တော်ကျေးရွာတွင် တိရစ္ဆာန်ကောင်ရေ(၃၀၀)ကောင်၊ တပယ်ကျေးရွာတွင်(၂၀၀)ကောင် စုစုပေါင်း(၅၀၀)ကောင်အား ဒေါင့်သန်းရောဂါကာကွယ်ဆေးကိုလည်းကောင်း၊ တောင်ပြုံးကျေးရွာတွင် တိရစ္ဆာန်ကောင်ရေ(၃၀၀)ကောင်နှင့်ဇီးကန်ကျေးရွာတွင် (၁၅၀)ကောင် စုစုပေါင်း(၄၅၀)ကောင်အား လည်ချောင်းကွဲကာကွယ်ဆေးကိုလည်းကောင်း အသီးသီးထိုးနှံပေးခဲ့ကြောင်းနှင့် တိရစ္ဆာန်များတွင် ရာသီအလိုက်ဖြစ်ပွားတက်သောရောဂါများကို ကျေးရွာများအရောက် ကာကွယ်ဆေးများ လိုက်နှံထိုးပေးသည့်အပြင် တိရိစ္ဆာန်မွေးမြူရေးသင်တန်းများကိုလည်း အလှည့်ကျဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှသိရသည် ။

ရဲတင့်(ပြန်/ဆက်)