ငါန်းဇွန် မတ် ၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း ယမန်နေ့နေ့လယ် ၂နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို ပြည်သူများလိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးဆော်ဩခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးဆော်ဩခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ သည် ပြည်သူများအနေဖြင့် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ အိမ်တိုင်း အိမ်တိုင်းတွင် မီးချိတ်၊ မီးကတ်၊ သဲ၊ ရေ၊ လှေခါး၊ မီးသတ်ဆေးဘူးများထားရှိကြရန်၊ မီးဖိုမီးသုံးစွဲသူများအနေဖြင့် ထမင်းဟင်းချက်ပြုတ်ရာတွင် (၃)ပေပတ်လည် (၂)ပေအနက် မြေကျင်းတူးပြီး အုတ်၊ သံပြားများဖြင့်ကာရံ၍ ချက်ပြုတ်သုံးကြရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ပစ္စည်းများကို အသစ်လဲလှယ်တပ်ဆင်သုံးစွဲကြရန်၊ လျှပ်စစ်ဓာတ်အားကို ခံနိုင်ဝန်ထက်ပိုမိုသုံးစွဲခြင်းမပြုကြရန်၊ လမ်းသွားရင်း၊ ယာဉ်စီးရင်း ဆေးလိပ်သောက်သုံးခြင်းမပြုကြရန်၊ ညအိပ်ချိန်များတွင် မီးကြွင်းမီးကျန်များကို သေချာစွာငြှိမ်းသတ်ပြီးမှသာ အိပ်စက်အနားယူကြရန်၊ မီးဖိုမီးသုံးစွဲခြင်းနှင့် ထမင်းဟင်းချက်ပြုတ်ချိန်အား နံနက်(၄)နာရီမှ (၁၀)နာရီ အထိလည်းကောင်း၊ ညနေ(၄)နာရီမှ ည(၇)နာရီအထိလည်းကောင်း သုံးစွဲကြရန်၊ နေအိမ်ပတ်ဝန်းကျင်များတွင် အမှိုက်သရိုက်များ၊ မီးလောင်လွယ်သော လောင်စာများကိုစုပုံထားခြင်း၊ မပြုလုပ်ရန်နှင့် အမှိုက်များမီးရှို့ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားပြီးမှသာ ဆောင်ရွက်ရန်၊ မီးသုံးစွဲသည့် လုပ်ငန်းများအနေဖြင့် မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိဆောင်ရွက်ကြရန်၊ မီးသတ်ယာဉ်များ အလွယ်တကူ ဝင်/ထွက်သွားလာနိုင်ရေးအတွက် လမ်းနှင့်မလွတ်သော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းထားကြရန်၊ မီးလောင်/မီးလန့်မှုများဖြစ်ပွားပါက မီးသတ်ဦးစီးဌာနဖုန်းသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြရန် စသည်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေးဆော်ဩခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)