ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ (၂၂) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝိနယာဓိက စာမေးပွဲစာ‌အောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနား ကျင်းပ

ဒဂုံမြောက် မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဂိုဏ်းပေါင်းစုံသံဃ နာယကအဖွဲ့မှ ကြီးမှူးကျင်းပအပ်သော (၂၂) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝိနယာဓိက စာအောင်ဆုနှင့်‌ အောင်လက်မှတ်ဆက်ကပ်ပွဲ အခမ်းအနားကို အမှတ်(၄၂) ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ် (၁) နာရီတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပအပ်သော (၂၂) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝိနယာဓိက စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကို နမောဒဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ တေးသံရှင် နန်းကြော့ကလျာက ဂီတမှူး ကိုဘိုဘိုအဖွဲ့နှင့် တွဲဖက်၍ “ထူးမခြားနား”သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ဦးဟန်သိန်း (ချောက်-လေးပင်ကုန်း) ရေးသားသော “ဂုဏပူဇာ”ဧကပိုဒ်ရတုဖြင့် သီဆိုပူဇော်သည်။ ထို့နောက် ဆရာတော် ဘဒ္ဒန္တဥတ္တမာ ဘိဝံသထံမှ ဧည့်ပရိသတ်များမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဩဝါဒအနုမောဒနာတရား နာကြားကြသည်။  

ဆက်လက်၍ အနန္တဂုဏ်ရည် ဆရာတော် ရေးသားပူဇော်သော “ပရိယတ် သာသနာ ရှင်သန်ဖို့” ရှစ်ဆယ် ပေါ်တေးထပ်ဖြင့် တေးသံရှင် နန်းကြော့ကလျာက ဂီတမှူး ကိုဘိုဘိုအဖွဲ့နှင့် တွဲဖက်၍ သီဆိုပူဇော်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ ဦးသန်းအောင်ရွှေ (မဟန)စာကြည့်တိုက်မှူး (ငြိမ်း) ရေးသား ပူဇော်သော “စကြာလည် မင်္ဂလာ” ရတုပိုဒ်စုံဖြင့် တေးသံရှင် နန်းကြော့ကလျာက သီဆိုပူဇော်သည်။

ထို့နောက် ဒေါ်ခိုင်ခိုင်အေး(ဌေး) ကုမ္ပဏီမှ စာအောင်ဆုများအတွက် အလှူတော်ငွေ  (၃၄၆၀၀၀၀/-)အား ပေးအပ် လှူဒါန်းသည်။ ဆက်လက်၍ မြို့နယ်သံဃနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးအောင်ချမ်းမှ ဘဏ္ဍာရေး ရှင်းတမ်းကို ဖတ်ကြားတင်ပြသည်။ ထို့နောက် ဆရာတော်ဘဒ္ဒန္တ သူရိယထံမှ လှူဒါန်းမှုအစုစုအတွက် အမျှအတန်း ပေးဝေကြပြီး တာဝန်ရှိသူများမှ စာအောင်သံဃာ (၁၀၅)ပါးနှင့် သီလရှင် ဆရာလေး (၇)ပါးတို့အား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်ခဲ့သည်။ ထို့နောက် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး “အောင်စေ ပိုင်စေ” သီချင်းဖြင့် တေးသံရှင် နန်းကြော့ကလျာက သီဆိုပူဇော်ပြီး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)