မြောက်ဥက္ကလာပမြို့နယ်တွင်  စာဖတ်ဝိုင်းဆောင်ရွက်

မြောက်ဥက္ကလာပ မတ် ၄

ယနေ့ခေတ်လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး BOOK Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နှင့်ကြီးပွားရေးစာအုပ်သည်ဆောင်းပါး(၂၈)ပုဒ်ပါဝင်ကြောင်း ဘဝစာမေးပွဲနဲ့ ဘဝတိုက်ပွဲ၊ အသက်သွင်းတတ်သော မှော်ဆရာ၏ကျေးဇူး၊ အယ်ဒီတာစားပွဲစသည့် ဆောင်းပါးများကို  အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးအောင်ချိန်က“ကျေးဇူးသတင်းကျော်ဇောခြင်းဆောင်းပါး၊ Youth Club အဖွဲ့ဝင် မကြယ်စင်က သူ့ကဗျာနှင့်မိမိအတွေးဆောင်းပါးကို တက်ရောက်လာသော အဖွဲ့ဝင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး မြို့နယ်ပြန်/ဆက်မှ ပြသထားသော လူကုန်ကူးမှု၊ ကလေးလုပ်သား၊ အမျိုးသမီးများသိထားလိုက်နာသင့်သည့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)