ကျောက်ပန်းတောင်း မတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကြီးကို မတ်လ(၃)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်သာသနာ့ ဗိမာန်တော်ကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများနှင့် စာအောင်သံဃာများ ကြွရောက်တော် မူကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသုမနဓဇ (စိတ္တပါလဂူကျောင်းစာသင်တိုက်)ထံမှ အခမ်း အနားတက်ရောက်လာသည့် လူပုဂ္ဂိုလ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထား၍ ဓမ္မာနုဂ္ဂဟစာမေးပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကံလှက ဓမ္မာနုဂ္ဂဟစာမေးပွဲအတွက် အလှူခံရရှိမှုနှင့် သုံးစွဲမှုငွေစာရင်းရှင်းတမ်းများ ဖတ်ကြားလျှောက်ထားသည်။ ယင်းနောက် မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသုမနဓဇထံမှ ဩဝါဒကထာနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီး မြောက်ခဲ့သည်။ ယင်းနောက် မြို့နယ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက စာအောင်သံဃာများနှင့် သာမဏေများအား စာအောင်ဆုလက်မှတ်နှင့် ဝထ္တုငွေများ ဆက်ကပ်လှူဒါန်းကြပြီး လျှောက်လမ်း တစ်လျှောက်တွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်စေတနာရှင်များက လှူဖွယ်ဝတ္ထုများ ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ကျောက်ပန်းတောင်းမြို့နယ်၏ မြို့နယ်လုံးဆိုင်ရာ (၆၁)ကြိမ်မြောက် ဓမ္မာနုဂ္ဂဟစာမေးပွဲကြီးတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း၊ ဒုတိယဆင့်နှင့် ပထမဆင့်များကို စာဖြေသံဃာ (၅၀၇)ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး၊ (၃၅၅)ပါး အောင်မြင်တော်မူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆုနှင်းသဘင်အခမ်းအနားသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများနှင့် စာအောင်သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဓမ္မာနုဂ္ဂဟစာမေးပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အကျိုးတော်ဆောင်များ၊ ရပ်ကွက်/ကျေးရွာ အသီးသီးမှ စေတနာရှင်၊ အလှူရှင်များ စုစုပေါင်း (၉၄၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)