တံတားဦးမြို့နယ်တွင် ကြက်သွန်နီစိုက်ခင်းများတူးဖော်

တံတားဦး မတ် ၃

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများက ရေကိုအကျိုးရှိစွာ အသုံးချပြီး နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းများကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ  ယခုနှစ် တွင် ကြက်သွန်စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းနေပြီး နှုတ်သိမ်းချိန်ရောက်ရှိလာပြီဖြစ်၍  တူးဖော်လျက်ရှိကြောင်း သိရသည် ။

ဆောင်းသီးနှံစိုက်ပျိးရာသီတွင် ဒေသခံတောင်သူများအနေဖြင့် စားနပ်ရိက္ခာဖူလုံစေရေးနှင့် တောင်သူ များ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီး ဆောင်းကြက်သွန်နီများစိုက်ပျိုးထားပါကြောင်း၊ ကြက်သွန်နီကို တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် သွင်းအားစု၊ ရေသွင်းရေထုတ် မှန်ကန်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ အသိပညာရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည် ။

ဒေသခံတောင်သူများအနေဖြင့် ကြက်သွန်နီကို ဈေးကောင်းရရှိရန် မျှော်မှန်းပြီး အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း ကျွန်တော်တို့မှာ ကြက်သွန်နီစိုက်ပျိုးရေး လုပ်ငန်းကို စီးပွားအဖြစ် စိုက်ပျိုးကြ ကြောင်း၊ ကြက်သွန်နီတစ်ဧကကို အနည်းဆုံး ပိဿာချိန် ၃၀၀၀ မှ ၄၀၀၀ အထိ ထွက်ရှိကြောင်း၊ ကြက်သွန်နီကို ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်တွင် နှုတ်ယူသိမ်းဆည်းနေကြကြောင်း၊ ကြက်သွန်နီကို မိုးရာသီနဲ့ ဆောင်းရာသီမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ယခုနှစ်တွင် ကြက်သွန်နီ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပြီးခဲ့သည့်နှစ်ထက် အထွက်နှုန်းပိုမိုရရှိသည့်အပြင် ရောင်းချရာတွင်လည်း ဈေးနှုန်းကောင်းမွန်နေသောကြောင့် ဒေသခံတောင်သူများ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)