မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်း ပျောက်ကွယ်နိုင်သည့် အခြေအနေရှိသော်လည်း ဆက်လက်လုပ်ကိုင်သူရှိနေသေး

ညောင်ဦး မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ မြင်းမြီးဖြင့်ပြုလုပ်သည့် (ရက်လုပ်) ယွန်းထည်လုပ်ငန်း ပျောက်ကွယ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း ယွန်း လုပ်ငန်းရှင်အချို့ ဆက်လက်လုပ်ကိုင်လျက်ရှိနေသေးကြောင်း ဦးဘငြိမ်းယွန်း လုပ်ငန်းထံက သိရသည်။

အရှေ့ဖွားစောကျေးရွာ ယွန်းလုပ်ငန်းရှင်တစ်ဦးမှလည်း ယွန်းထည်လုပ်ငန်းသည် ပုဂံမြို့၊ ညောင်ဦးမြို့တို့တွင် ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာအစဉ်အဆက် လုပ်ကိုင်လာခဲ့ကြောင်း၊ ဝါးနှီး ဖြင့် ရက်လုပ်သည့် ယွန်းထည်လုပ်ငန်းက  စိုးရိမ်စရာမရှိသော်လည်း မြင်းမြီးဖြင့် ရက်လုပ်သည့် ယွန်းထည်လုပ်ငန်းမှာ သုံးဦး၊ လေးဦးသာ ကျန်ရှိတော့ကြောင်း၊ မြင်းမြီးဈေးနှုန်းကြီးမြင့်လာ ခြင်း၊  ယွန်းထည်ရောင်းချမှု မတွင်ကျယ်ခြင်းနှင့် ယွန်းထည်ရက်လုပ်ရာတွင် လက်ဝင်ခြင်းများ ကြောင့် မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်းများ တဖြည်းဖြည်းနည်းလာပြီး လုံးဝပျောက်ကွယ်သွားနိုင်သည့် အခြေအနေဖြစ်လာကြောင်း ပြောကြားသည်။

ယခင်က ပုဂံမြို့၊ ပုဂံမြို့သစ်၊  မင်းနန်သူကျေးရွာ၊ အရှေ့ဖွားစောကျေးရွာ၊ အနောက်ဖွားစော ကျေးရွာ၊ မြင်းကပါကျေးရွာတို့တွင် မြင်းမြီးဖြင့် ပြုလုပ်သည့် ယွန်းထည်လုပ်ငန်းများ တွင်တွင် ကျယ်ကျယ်ရှိခဲ့ရာမှ ယခုအခါ အနောက်ဖွားစော ကျေးရွာတွင် တစ်ဦးသာကျန်ရှိတော့ပြီး၊ ပုဂံ မြို့သစ် ဦးဘငြိမ်းယွန်းထည်လုပ်ငန်းတွင်လည်း မြင်းမြီးဖြင့် ပြုလုပ်သည့် ယွန်းထည်များ ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ယွန်းထည် ပြုလုပ်ရာတွင် တင်းဝါးယွန်းထည်၊ သစ်သားယွန်းထည်၊ မြင်းမြီးယွန်းထည်ဟု သုံးမျိုးရှိကြောင်း မြင်းမြီးဖြင့် ပြုလုပ်သည့် ယွန်းထည်သည် လုပ်ရကိုင်ရလက်ဝင်ကြောင်း၊ ပါးလွှာ သည့် ဝါးနှီးဖြာလေးများကြားတွင် မြင်းမြီးတစ်ချောင်းစီထည့်ကာ အသေးစိတ်ရက်လုပ်ရကြောင်း၊ လေးလက်မခွက်တစ်လုံး ရက်လုပ်လျှင်ပင် အချိန်တစ်နာရီခွဲခန့် ကြာမြင့်ကြောင်း၊ အဝိုင်းပုံ၊ အလုံးပုံယွန်းထည်များကို မြင်းမြီးဖြင့်ရက်လုပ်ပြီး ထောင့်ချိုး၊ ထောင့်ကွေးယွန်းထည်များကို မြင်းမြီးသုံး၍ မရက်လုပ်ကြောင်း၊ မြင်းမြီးနှင့် ရက်လုပ်သည့် ယွန်းထည်ပစ္စည်းများသည် ပျော့ပျောင်းကာ အရည်အသွေးအလွန် ကောင်းမွန်ကြောင်း သိရသည်။ လက်ရှိတွင် မြင်းမြီး တစ်ပိဿာကျပ် ၇၀၀၀၀ ပေးဝယ်ရပြီး ရက်လုပ်ရာတွင် ခက်ခဲသောကြောင့် မြင်းမြီးဖြင့် ရက်လုပ်သည့် ယွန်းထည်လုပ်ငန်းကို  မလုပ်ကြတော့ဘဲ တဖြည်းဖြည်းနှင့် လုံးဝပျောက်ကွယ်သွားမည်ကို စိုးရိမ်မိကြောင်း အနောက်ဖွားစောကျေးရွာမှ မြင်းမြီးဖြင့်ရက်လုပ်သော ယွန်းထည်လုပ်ငန်းလုပ်ကိုင်သည့် ဒေါ်စန်းစန်းအေးက ပြောသည်။    

ဒီပါလင်း