ချမ်အေးသာစံ မတ် ၃
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာတွင် စက်မှုလယ်ယာစနစ်ကျလယ်မြေ (၁၀၉.၁၃) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ယာယီရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစန်းအောင်က တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် စနစ်ကျလယ်ယာမြေ မဖော်ထုတ်မီ၊ ဖော်ထုတ်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်က စားရေရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ လယ်ယာတစ်ဧကချင်းစီမှ ပန်းတိုင်အထွက်ပြည့်မီရေး မျိုး၊ မြေ၊ ရေ၊ နည်းတို့ဖြင့် ဟန်ချက်ညီစွာ ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ စက်မှုလယ်ယာစနစ်ကျ လယ်မြေများကို မူဝါဒသတ်မှတ်ချက်များနှင့်အညီ ဖော်ထုတ်ပေးနေပါကြောင်း၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ပြောင်းလဲရမည်ဖြစ်ပြီး သိပ္ပံနည်းကျ စိုက်ပျိုးစနစ်များထိရောက်စွာ သုံးစွဲနိုင်ရေး ပညာပေးဆောင်ရွက်ခြင်း၊ သီးထပ်များ စိုက်ပျိုးနိုင်ခြင်း၊ အရည်အသွေးကောင်းပြီးသီးနှံများ အထွက်တိုး စေခြင်းစသည့် အကျိုးကျေးဇူးများရရှိကာ တောင်သူလယ်သမားများ လူမှုစီးပွားဘဝ တိုးတက် မြင့်မား လာစေရန်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းဖော်ထုတ်ခြင်း အကျိုးရလဒ်များကို စိုက်ပျိုးရေးတွင် ပါဝင်ပတ်သက်သူအားလုံးသိရှိကာ စက်မှုလယ်ယာစနစ် လယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ စိုက်ပျိုးထုတ်လုပ်မှုစဉ်ဆက်မပြတ် တိုးတက်ရေးတို့တွင် များစွာအထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ ဒေသ၊ ရေ၊ မြေအခြေအနေများအပေါ်မူ တည်ပြီး သီးထပ်သီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေး အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တက်ရောက်လာသည့် တောင်သူများက စိုက်ပျိုးမြေအခြေအနေများ၊ စိုက်ပျိုးသီးနှံထွက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကြုံတွေ့နေရသည့် အခြေအနေ များနှင့် ပတ်သက်၍ တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စီမံကိန်းအတွင်း ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
နိုင်ငံတော်က တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအရေးပါသော မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ စက်ကိရိယာများအသုံးပြုနိုင်ရန် စီမံ ဆောင်ရွက်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများ စွမ်းအားပြည့်အသုံးပြုနိုင်ရေးအတွက် စနစ်တကျလယ် ယာမြေများဖော်ထုတ်ခြင်း၊ တောင်သူများလုပ်ငန်းခွင်အဆင့်တိုင်း စက်ကိရိယာအသုံးပြုနိုင်ရန် လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးကို ဖြန့်ဖြူးရောင်းချပေးခြင်း၊ အသုံးပြုနိုင်ရန်စီမံပေးခြင်းတို့ဖြင့် ခေတ်မီနည်းစနစ်များသုံးပြီး စက်မှုလယ်ယာ စနစ်သို့ကူးပြောင်းနိုင်ရေးတို့ကို အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်