ချမ်းအေးသာစံ မတ် ၃
၂၀၂၄ ခုနှစ် မတ်လ(၂)ရက်နေ့တွင် ကျရောက်သည့် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (နွေစပါးသီးနှံ) စာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များ၊ တောင်သူများနှင့် ဝယ်ယူ/ကြိတ်ခွဲ/တင်ပို့သူ အစုအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ တောင်သူ လယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးတိုးမင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများဖန်တီးပေးနိုင်ရန် နိုင်ငံတော်ကမူဝါဒများနှင့် အညီစီမံချက်များချမှတ်၍ လုပ်ငန်းများအကောင်အထည်ဖော်ကာအလေးထား ဆောင်ရွက်ပေးနေပါ ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုသည် စားရေရိက္ခာဖူလုံမှုမြှင့် တင်နိုင်ရေးအတွက် အဓိကကျပြီး စိုက်ပျိုးရေးကို လုပ်ကိုင်နေကြသော တောင်သူလယ်သမားများ၏ အခန်းကဏ္ဍသည်သည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏စိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ပိုမိုအားကောင်း လာပြီး စီမံကိန်းတွင် ပါဝင်သော အစုအဖွဲ့အားလုံး အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ပါကြောင်း၊ တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ အဆင့်မြင့် လယ်ယာဖော်ထုတ်ရေး၊ ကောက်စိုက်စက်များ ဖြန့်ဝေနိုင်ရေးနှင့် အခမဲ့နည်းပညာများ ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် စီမံကိန်းဆောင်ရွက်ပေးမှုအပေါ် လုပ်ငန်းရှင်များ၊ တောင်သူနှင့် ဝယ်ယူ/ကြိတ်ခွဲ/တင်ပို့သူ အစုအဖွဲ့များမှ တောင်သူများ၊ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များက ကျေးဇူးတင်စကားများ၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ကြုံတွေ့နေရသည့်အခြေအနေများကို ပြောကြားရာ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စိုက်ပျိုးရေးနည်းပညာဆိုင်ရာပြခန်းများအား လိုက်လံကြည့်ရှုကြသည်။
ယခု စာချုပ်ချုပ်ဆိုသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (နွေစပါးသီးနှံ) သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေကျပ် (၂၃၀) ဘီလီယံဖြင့် ဆောင်ရွက်သည့် စီမံကိန်းများမှ တစ်ခုဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၂)ခု၊ ၂၀၂၃-၂၀၂၄ နွေစပါးသီးနှံ (၃၂၅၇၈) ဧကအတွက် ငွေကျပ်(၆၅၁၅.၆၀)သန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်