ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ကျေးရွာများ အရောက် ကွင်းဆင်းဟောပြော

ဇမ္ဗူသီရိ မတ် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိစေရန် ကျေးရွာများအရောက်ကွင်းဆင်း၍ အသိပညာပေး ဟောပြောခြင်းကို ယနေ့မွန်းလွဲပိုင်းက တဲကြီးကုန်းကျေးရွာအုပ်စု၊ ရှားတော ကျေးရွာ SMU ခန်းမတွင် ကျင်းပခဲ့ရာ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ် ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိ/ ရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

ဟောပြောပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူတို့က ပြည်သူ့စစ်မှုထမ်း ဥပဒေပါ ပြဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရခြင်း၏ အကြောင်းအရင်းများ၊ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများ မယုံကြည်ကြရန်နှင့် မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များဖြစ်စေရေး စာပေဗဟုသုတများ ဖတ်ရှုစေရေး တိုက်တွန်းပေးရန်နှင့်  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌စေရန် လုပ်ဆောင်ချက်များအား ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)