မလှိုင် မတ် ၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ “ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲ ” အခမ်းအနားကို ဖေဖော်ဝါရီလ ၂၉ ရက် နံနက် (၉)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ မြို့မအားကစားကွင်း ရှိမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြဌာန်းရခြင်း နောက်ခံသမိုင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါနိုင်ငံသားတိုင်း စောင့်ထိန်းရန်တာဝန်များ၊ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်များကို ပုဒ်မတစ်ခုချင်းအလိုက်ရှင်းလင်း ဆွေးနွေးပြီးနောက် ပြည်သူ့စစ်မှုထမ်းဥပဒေပါ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုခြင်း၊ယာယီရွေ့ဆိုင်းခွင့်ရသူများ၊ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးမြို့နယ်အဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးက ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြဌာန်းရခြင်း၏အကြောင်းရင်းနှင့်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ နိုင်ငံတကာနှင့်အိမ်နီးချင်း နိုင်ငံများတွင် စစ်မှုထမ်းဥပဒေပြဌာန်း၍ ကျင့်သုံးဆောင်ရွက်နေမှု့ အခြေများအား အသေးစိတ် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး သိန်းဇော်က ဥပဒေ အတည်ပြုခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများနှင့် တက်ရောက်လာ ကြသူအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆွေးနွေးပေးခြင်းဖြစ်ကြောင်း၊ စိုးရိမ်ပူပန်စရာမလိုကြောင်း ၊ မရှင်းလင်းသည်များရှိပါက ဆွေးနွေးမေးမြန်းနိုင်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒုမြို့နယ်ဥပဒေအရာရှိ ဦးလင်းဆက်က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုကြိုဆိုပါကြောင်း၊ နိုင်ငံတကာ တွင်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်း၍ ကျင့်သုံးဆောင်ရွက်နေမှုတို့အား ရှင်းလင်း ပြောကြား ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်း စာစောင် များအားဖြန့်ဝေပေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများ ၊ အမှတ်(၁) ရပ်ကွက်၊အမှတ်(၂)ရပ်ကွက်၊အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူ(၇၂၀) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ဌေး (မလှိုင်)