ဘားအံ မတ် ၃
၂၀၂၄ ခုနှစ် တောင်သူလယ်သမားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိ သူများ၊ မြို့နယ်အသီးသီးရှိ ရပ်ကွက်ကျေးရွာများမှ တောင်သူများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ အသင်းအဖွဲ့များ တက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက မြို့နယ်အသီးသီးရှိ ရပ်ကွက်နှင့် ကျေးရွာများမှ နေကြာ၊ မိုးစပါး၊ ဆောင်းမြေပဲ၊ ဆောင်းနှမ်း ကော်ဖီ၊ နို့စားနွား၊ ဥစားကြက်၊ အသားတိုး ဝက်၊ ဆိတ်မွေးမြူရေး၊ ငါးမွေးမြူရေး စသည်တို့တွင် ထူးချွန်ဆုရ တောင်သူ(၁၃)ဦးတို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် တောင်သူများအား ဓာတ်မြေဩဇာ၊ မွေးမြူရေးအစားအစာနှင့် ငါးအစာများ ထောက်ပံ့ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူတောင်သူ လယ်သမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာန ပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲပြခန်းနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနပြခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြခန်းတွင်ပြသထားသော ပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)