မှော်ဘီမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် စာအောင်ဆုပေးပွဲ အခမ်းအနား ကျင်းပ

မှော်ဘီ မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယတန်း၊ နိကာယ်တန်း၊ ပထမပြန်တန်းနှင့် အဘိဓမ္မာ,ဝိသုဒ္ဓိမဂ်ယဉ်ကျေးမှု စာမေးပွဲတို့ကို ဖြေဆိုအောင်မြင်ကြသော သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ လူပုဂ္ဂိုလ်အပေါင်းတို့အား ဂုဏ်ပြုဆုနှင်းသဘင် အခမ်းအနားကို ယနေ့ နေ့လည် ၁၂  နာရီ အချိန်က မှော်ဘီမြို့ ဓမ္မာရုံကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ မင်္ဂလာရွှေစောင်းတော် အဖွဲ့နှင့် တွဲဖက်၍ ဗုဒ္ဓရောင်ခြည်တော်ဖွင့်ဖြင့် သီကျူးပူဇော်ခြင်း၊ မင်္ဂလာဒုံမြို့နယ် သံဃ နာယက(ဥက္ကဋ္ဌ) ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်မှ သာသနာ့ရေးဆိုင်ရာများ လျှောက်ထားခြင်း၊ တေးသံရှင်ယဉ်မွန်မှ မင်္ဂလာရတုပိုဒ်ရွတ်ဆို ပူဇော်ခြင်းခဲ့ပြီး ဆုပေးပွဲ အခမ်းအနားတွင် သာသနဓဇဓမ္မာစရိဘွဲ့ရ (၁၄)ပါး၊ ဝိနယဝိဒူဘွဲ့ရ (၂၆)ပါး၊ ဒီဃနိကာယဝိဒူဘွဲ့ရ (၂)ပါး၊ အင်္ဂုတ္တရနိကာယဝိ ဒူဘွဲ့ရ (၅)ပါး၊ အဘိဓမ္မာဝိဒူယဘွဲ့ရ (၂)ပါး၊ အဘိဓမ္မာ ရိုးရိုးအောင်မြင်သူ (၄၇)ဦး၊ အဘိဓမ္မာဂုဏ်ထူးဆောင်အောင်မြင်သူ (၁၃)ဦးနှင့် ဝိသုဒ္ဓိမဂ်အောင် (၂၅)ပါး၊ ပထမကြီးတန်းအောင်၊ ပထမလတ်တန်းအောင်၊ ပထမငယ်တန်းအောင်၊ အခြေပြု မူလတန်းအောင် စုစုပေါင်း ဆရာတော် သံဃာတော် (၃၆၉) ပါး၊ ယဉ်ကျေးမှုအောင် (၃၈၀) ဦး၊ သီလရှင်များအပြင် လူပိုင်းဆိုင်ရာ အဘိဓမ္မာ စာမေးပွဲ ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် အောင်မြင်သူများ၊ အဘိဓမ္မာရိုးရိုး၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် အောင်မြင်သူများ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အဖြေဌာနအလိုက် အောင်မြင်သူများအား အောင်လက်မှတ်နှင့် ဂုဏ်ပြု ဆုများဆပ်ကပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းစိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုခဲ့ပြီး အခမ်းအနား ရုပ်သိမ်းကာ ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ပြီး အခမ်းအနားသို့ မြို့နယ်သံဃနာယက ဆရာတော်များ၊ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဌာန ဆိုင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)