ချမ်းမြသာစည် မတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၁ လမ်းထောင့်ရှိ တိုင်းစိုက်ပျိုးရေး ဦးစီးမှူးရုံးခန်းမတွင် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (နွေစပါးသီးနှံ) စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးတိုးမင်းနှင့် ရုံးဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ စိုက်ပျိုးရေး ဦးစီးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ ဖိတ်ကြားထားသော တောင်သူလယ်သမားများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က တောင်သူလယ်သမားနေ့ သဝဏ် လွှာအား ဖတ်ကြားပြီးနောက် တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးတိုးမင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (နွေစပါးသီးနှံ) ချေးငွေစာချုပ်များ ချုပ်ဆိုကြပြီး စီမံကိန်း ဆောင်ရွက်ပေးမှုများအပေါ် လုပ်ငန်းရှင်များ၊ တောင်သူများ၊ ဝယ်ယူ/ကြိတ်ခွဲ/တင်ပို့သူ အစုအဖွဲ့များမှ ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး တောင်သူများမှ စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်းများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့