ချမ်းအေးသာစံ မတ် ၃
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ လမ်း ၃၀ (E)၊ ၅၈×၅၉ လမ်းကြားရှိ ဆူးဖြူသာသနာ့ရိပ်သာ ကျောင်းတိုက်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာတွင် အမှတ် ၁ စစ်မြေပြင်ဆေးတပ်ရင်းမှ တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း၊ ဗိုလ်မှူး ဝင်းကိုကိုဌေး ဦးဆောင်ကာ ပါရဂူ၊ ဆေးမှူး၊ သူနာပြုအရာရှိနှင့် အခြားအဆင့် ဆေးကုသရေးအဖွဲ့ဝင် ၁၄ ဦးတို့က ဆူးဖြူသာသနာ့ရိပ်သာ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် လူပုဂ္ဂိုလ် (၁၇၂) ဦး တို့အား ဖျားနာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးသွေးကြောရောဂါ စမ်းသပ်စစ်ဆေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေပေးခြင်း၊ ဆီးချို/သွေးချို စစ်ဆေးပေးခြင်းတို့အား ဆောင်ရွက်ပေးသည်။
နယ်လှည့် ဆေးကုသရေးအဖွဲ့ စမ်းသပ်စစ်ဆေးချက်များအရ ညွှန်းပို့ရန် လိုအပ်သော လူနာများအား သက်ဆိုင်ရာ ဌာနများတွင် ဆက်လက်ကုသမှုခံယူနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်