မြစ်ကြီးနား မတ် ၂
ကချင်ပြည်နယ်၏ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးမိုးမင်းသိန်း တက်ရောက်ခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးက သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လူ၊ အသက်အိုးအိမ်ပစ္စည်းများနှင့် ကဏ္ဍအလိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံမှုလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကချင်ပြည်နယ်အနေဖြင့်လည်း ဒေသန္တရအခြေအနေ၊ လက်ရှိအခြေအနေနှင့်ကိုက်ညီတဲ့ စီမံခန့်ခွဲမှုတွေ ဖြစ်စေဖို့ဆောင်ရွက်နေသလို အကျိုးထိရောက်တဲ့လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ဖြစ်စေရန် စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်မဖြစ်ပွားခင်၊ ဖြစ်ပွားနေဆဲနှင့် ဖြစ်ပွားပြီးအချိန်များတွင် လုပ်ဆောင်ရမည့်အသိပညာပေးလုပ်ငန်းများ၊ အတတ်ပညာများရရှိထားမှသာလျှင် ထိရောက်သောစီမံခန့်ခွဲမှုကို ရရှိမှာဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရန် သင်တန်းများ၊ ဇာတ်တိုက်လေ့ကျင့်ခန်းများ၊ ဟောပြောပွဲများကို နှီးနွယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လူမှုရေးအသင်းအဖွဲ့များ၊ INGO,NGO အစရှိသည်နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ထားခြင်းဖြင့် အစဉ်အမြဲအသင့်အနေအထားရှိအောင် ဆောင်ရွက်ထားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသမှုရေးဦးစီးဌာန၊ ဒေါက်တာတင့်နိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာဇော်ရိန်က ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများတွင် ကျန်းမာရေးကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးရာ လုပ်ငန်းကော်မတီဝင်များက ပြည်နယ်အတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်အမျိုးအစားဖြစ်သော ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မီးလောင်ခြင်းနှင့်ငလျင်လှုပ်ခြင်းများအတွက် သဘာဝဘေးမကျမီ၊ ကျရောက်နေချိန်နှင့် ကျရောက်ပြီးကာလများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသင့်ဖြစ်မှုအခြေအနေများ၊ ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
(ပြည်နယ် ပြန်/ဆက်)