ထားဝယ် မတ် ၂
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာထားဝယ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာ အရာထမ်းအမှုထမ်းများနှင့် ဒေသခံပြည်သူများတို့က ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း/အပြင် သန့်ရှင်းသန့်ရပ်လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆောက်အဦအထူးအဖွဲ့(၁၆)မှ တာဝန်ယူဆောင်ရွက်နေသည့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးပြုပြင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ပြည်သူများအနေဖြင့် ပိုမို၍ ကျယ်ဝန်းသန့်ရှင်းသပ်ရပ်သည့် ပြည်သူ့ဆေးရုံကြီးတွင် သက်တောင့် သက်သာဖြင့် ဆေးကုသမှုခံယူနိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ အနေဖြင့်လည်း ကျယ်ဝန်း၍ ပိုမိုစနစ်ကျသော ကုသဆောင်တွင် လုပ်ငန်းဆောင်ရွက်ရသဖြင့် ပိုမိုအဆင်ပြေချောမွေ့ခြင်း စသည်တို့အပြင်များစွာသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိပ်ကမ်းသာလမ်း (မင်းရပ်ကူးတို့ရပ်ကွက်လမ်းဆုံမှ အောင်တံခွန်ငါးဈေးကြား) စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(၂)လမ်းသွား ကွန်ကရစ်ခင်းခြင်းအဆင့်မြှင့် တင်နေမှုလုပ်ငန်း၊ ကတ္တရာချဲ့ခင်းခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းလုပ်ငန်းနှင့် အမာခံကျောက်ခင်းခြင်းလုပ်ငန်း၊ တံတားတည် ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆိပ်ကမ်းသာလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တံတားအားရေရှည်ခိုင်ခံမှုရှိစေရေး သတ်မှတ်စံနှုန်းများနှင့်အညီ ကိုက်ညီစေရေးနှင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းမှာကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများအား သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)