ကျောက်ဆည်မြို့နယ်တွင် နွေစပါး (၁၀၅၃) ဧက စိုက်ပျိုးသွားမည်

​ကျောက်ဆည် မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါး ဖူလုံပိုလျှံရေး ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရှိရပြီး ၂၀၂၃-၂၀၂၄ ခုနှစ်၌ နွေစပါး (၁၀၅၃) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း  သိရှိရသည်။

နွေစပါးများစိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေးပညာပေးရှေ့တန်းစခန်း၌ မင်းရဲမြောင်းရေဖြင့် (၃၇၂)ဧက၊ သင်းတွဲစိုက်ပျိုးရေးပညာပေး ရှေ့တန်းစခန်း၌ မင်းရဲမြောင်းရေဖြင့်(၂၀၀)ဧက၊ သင်းတွဲမြောင်းရေဖြင့် (၄၀၀)ဧက၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် တမုတ်မြောင်းရေဖြင့် (၂၈)ဧက၊ မင်းရဲစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် မြေအောက်ရေဖြင့်(၅၃)ဧက စုစုပေါင်း(၁၀၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေစပါးသီးနှံများအောင်မြင်စွာ ပျိုးထောင်စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြောင်းများအလိုက် စိုက်ပျိုးရေများပြည့်ဝစွာ ပေးဝေလျက်ရှိကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျှော်မှန်းအထွက်နှုန်း ပြည့်မီကျော်လွန်ရေး မျိုးကောင်း၊ မျိုးသန့်များဖြန့်ဝေပေးခြင်း၊ သွင်းအားစုနှင့် စိုက်နည်းစနစ်များမှန်ကန်ရေး တောင်သူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်