ပူတာအို မတ် ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ကုမ္ပဏီ/လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံဥပဒေအရ ကချင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီတွင် အတည်ပြုမိန့်လျှောက်ထားနိုင်မှုကို သိရှိစေရန်၊ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ လိုက်နာရမည့်တာဝန်များကို သိရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ကချင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီဖွဲ့စည်းခြင်း၊ ကချင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီတွင် လျှောက်ထားနိုင်မှုများ၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ကချင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြား၊ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် အလားအလာရှိသည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့် ကချင်ပြည်နယ်၏ ရင်းနှီးမြုပ်နှံမှုအလားအလာများအား Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသူများက ကချင်ပြည်နယ်၏ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများ ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ကချင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးဟိန်းက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်စပ်လျဉ်း၍ ကုမ္ပဏီများလိုက်နာဆောင်ရွက်ရမည့်အကြောင်းအရာများ၊ ဥပဒေအရ ကုမ္ပဏီတည်ထောင်ခြင်း၏ အကျိုးကျေးဇူးများ၊ ကုမ္ပဏီအဖွဲ့ဝင်များ၊ ဒါရိုက်တာများ၏ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ လုပ်ကိုင်ခွင့်များ၊ ခံစားခွင့်များကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက ရှားကောစိုက်ပျိုးရေး၊ မက္ကဒေးမီးယားစိုက်ပျိုးရေး၊ ကော်ဖီစိုက်ပျိုးရေး၊ သစ်မွှေးစိုက်ပျိုးရေးနှင့် ဘိလပ်မြေစက်ရုံတည်ထောင်ခြင်းလုပ်ငန်းများ နှင့်ပတ်သက်၍ သိလိုသည်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးဟိန်းနှင့်ဝန်ထမ်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း(၃၀)ဦးခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)