လက်ပန်ပျားကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဟောပြော

ကျောက်ပန်းတောင်း မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်၊ ကျေးရွာများအရောက်ကွင်းဆင်းရှင်းလင်း ဟောပြောလျက်ရှိရာ၊ မတ်လ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီက လက်ပန်ပျားကျေးရွာ ဘုန်းတော်ကြီးကျောင်း ဗြမ္မဝိဟာရဓမ္မာရုံတွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းကာလ၊  အသက်အရွယ် အပိုင်းအခြားတို့ကို ရှင်းလင်း၍ လတ်တလောတွင် တရားမဝင် မီဒီယာအချို့မှ ထုတ်လွှင့်နေမှုများကို နားယောင်၍ စိုးရိမ်ကြောင့်ကျ ဖြစ်ရန်မလိုအပ်ကြောင်းနှင့် ဥပဒေ/နည်းဥပဒေ ရေးဆွဲပြီးမှသာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနှင့် ဥပဒေနှင့်အညီ ကင်းလွတ်ခွင့်ရှိသူများ၊ ယာယီရွှေ့ဆိုင်းခြင်းများ ဆောင်ရွက်ခွင့်ရရှိကြမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးစိုးအောင်က ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေးနှင့် လောင်းကစားမှုများ မရှိစေရေးတို့ကို ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံများ၏ မေးမြန်းမှုများအပေါ် အဖွဲ့ဝင်(၁)ဗိုလ်မှူးနောင်ထွန်းနီနှင့် မြို့နယ်ဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တရာရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး၊ လက်ပန်ပျားကျေးရွာမှ ဒေသခံပြည်သူ (၁၂၅)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)