ရန်ကုန် မတ် ၂
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကကြီးမှူး၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေး သင်တန်းဖွင့်လှစ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းရုံး၌ပြုလုပ်ရာ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးတင်ထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှုးဦးတင်မျိုးအောင်နှင့် ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုး ဦးကျော်စွာရဲတို့က အမှာစကားပြောကြားကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ရွှေလုပ်ငန်းရှင်များ လိုက်နာကျင့်သုံးရမည့် စည်းကမ်းများနှင့် ရွှေဈေးတည်ငြိမ်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက်ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးသင်တန်းကို တရားလွှတ်တော်ရှေ့နေဆရာ ဦးကျော်ငြိမ်း၊ ဆရာမဒေါ်ခင်မေသန်းတို့က သင်ကြားပို့ချသည် သင်တန်းအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အလုပ်အမှုဆောင်များ သင်တန်းဆရာများတို့က သင်တန်းသားသင်တန်းသူ ၁၀၀ ဦးတို့ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည် ။
အောင်မြင့်(ပြန်/ဆက်)