ဘားအံ မတ် ၂
၂၀၂၄ ခုနှစ် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအရှည် (၄/၆)မိုင်၊ အရှည် ပေ ၂၄ ၊ တံတား(၆)စင်း ပါဝင်သော ရွှေတောကျေးရွာအုပ်စု ရွှေနတ်ကျွန်းကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါ ကုန်ထုတ်လမ်း မုခ်ဦး၌ ကျင်းပခဲ့သည်။
ကုန်ထုတ်လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်ပေးသည့် ကုန်ထုတ်လမ်းသည် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်နှင့်အညီ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်၊ မိမိတို့ကိုယ်တိုင် ဖွံ့ဖြိုး တိုးတက်လိုစိတ်များ မွေးမြူကြ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်ဖိုးထားကြပြီး အကျိုးရှိရှိအသုံးပြုကြရန်နှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်အောင် ခေတ်မီသည့် စံပြကျေးရွာများဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ကုန်ထုတ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူးက ကုန်ထုတ်လမ်းဖွင့်ပွဲ အထိမ်း အမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ရွှေတောကျေးရွာအုပ်စု၊ ရွှေနတ်ကျွန်းကျေးရွာ ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ယဉ်ကျေးမှုဒုံးအဖွဲ့များ၊ ဖဲကြိုးကိုင်အဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ပြီး ကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိရှိ တောင်သူများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေသော နေကြာ၊ စပါး၊ ပဲအမျိုးမျိုး စိုက်ခင်းများအား ကြည့်ရှု၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆီထွက်သီးနှံတိုးချဲ့နိုင်ရေးအတွက် စိုက်ပျိုးရေးစီမံကိန်း ရန်ပုံငွေဖြင့် ICTS Myanmar Company မှတာဝန်ယူ၍ ဆောင်ရွက်သော ထောင်ဝိကွင်းရှိဆိုလာ ရေတင်စနစ်လုပ်ငန်း(၅)ခုအား ဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် (၆၂)ကြိမ် မြောက် ဆေးဘက်ကျွမ်းကျင်(၄)(ဓာတ်ခွဲ)(၈)လသင်တန်းပြီးမြောက်ခြင်းနှင့် အလုပ်ခန့်အပ် လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါဆေးရုံကြီးသုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဆိုပါသင်တန်းသည် ကရင်ပြည်နယ်အနေဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သော သင်တန်းဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား/သင်တန်းသူ (၄၁)ဦး သင်ကြားပို့ချခဲ့ကြောင်း၊ ဓာတ်ခွဲဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ကျွမ်းကျင်စွာ သင်ကြား တတ်မြောက်ခဲ့ကြပြီးဖြစ်ကြောင်း သိရှိရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းပြီးမြောက်အောင် မြင်ပြီးသည့် သင်တန်းသား/သင်တန်းသူများအား အလုပ်ခန့်အပ်လွှာများပါ တစ်ပါးတည်းပေးအပ်သွားမှာဖြစ်ခြင်းကြောင့် မိမိတို့တာဝန်ကျရာ နေရာဒေသများတွင် သင်တန်းမှသင်ကြားပေးလိုက်သည့် အသိပညာဗဟုသုတများကို အသုံးချပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်ကုသရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်က (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄) ဓာတ်ခွဲ(၈)လသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အလုပ်ခန့်အပ်လွှာများကို ပေးအပ်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား/သင်တန်းသူ(၂)ဦးက လက်ခံရယူကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ/သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)