ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာတွင်  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်  မတ်  ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းပြီး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ်(၁)ရက် နံနက် (၁၀)နာရီက  ဟံမြင့်မိုရ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝန်းတွင်  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး(၁)ဗိုလ်မှူးမျိုးသွင်က ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်ဥဒေနှင့်ပတ်သတ်၍ လူငယ်များနှင့်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ သတင်းအမှားများ ပျံ့နှံ့နေခြင်းကြောင့် သတင်းအမှန်များသိရှိစေရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရမည့် သူများအနေဖြင့် စစ်သင်တန်းတက်ရောက်ပြီးပါက မိမိတို့ဆန္ဒရှိရာ ဒေသများတွင်သာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လေ့ကျင့်မှုတွင်လည်း တပ်မတော်သားများ တတ်သင့်တတ်ထိုက်တဲ့ နိုင်ငံတော်ကာကွယ်ရေး ပညာရပ်အားလုံးကို အချိန်ပေးသေချာစွာသင်ကြားပေးပြီး သင်တန်းပို့ချမှုပြီးမြောက်မှသာ တာဝန်များ ထမ်းဆောင်စေရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဇော်မင်းနိုင်က ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်များ၊ ပြည်သူ့ စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥကဒေအရ စစ်မှုထမ်းရမည့်အသက်အရွယ်အပိုင်းအခြားများ၊ စစ်မှုထမ်းရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရသူများ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရသူများအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ရာ အခမ်းအနားသို့ ဟံမြင့်မိုရ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဝင်အောင်နှင့် ရာအိမ်မှူးများ၊ ဆယ်မှူးများ၊ ရပ်မိ/ရပ်ဖများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)