ဟားခါး နိုဝင်ဘာ ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံနှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟားခါးမြို့၊ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးသက်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအုပ်နောလ် နှင့် အတွင်းရေးမှူး ဦးလင်းကျော်တို့က ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုကော်မတီက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလဖြစ်သည့်အတွက် ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအမံများကိုလည်းကောင်း၊ ချင်းပြည်နယ်ပညာရေးမှူးက ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲတွင် မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ကြမည့် ပညာရေးဝန်ထမ်းများ ခန့်အပ်တာဝန်ပေးအပ်မှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက်ဝိုင်းဝန်းဆွေးနွေးကြပြီးနောက် ဆွေးနွေးချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးသက်ထွန်းက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)