ပိုင်ကျုံ မတ် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး၊ မိသားစုဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းစိုက်ပျိုးခြင်းကိုလည်း တွဲဖက် လုပ်ကိုင်ကြသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ တောင်ယာလုပ်ငန်းများကိုလုပ်ကိုင်သည့် တောင်သူဦးကြီးများအနေဖြင့် မိမိတောင်ယာတွင် ဆူးထိုးစိုက်ပျိုးသည့်စပါးများအပြင် မိသားစုဆီဖူလုံရေးတွက် မိုးနှမ်းများကိုလည်း သီးညှပ်အဖြစ် စိုက်ပျိုးခဲ့ကြကြောင်း၊ လယ်ယာလုပ်ကိုင်သည့် တောင်သူလယ်သမားတို့လည်း မိမိလယ်ယာမြေများနှင့်ကိုင်းမြေများတွင် စပါးများအပြင် စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးစရိတ်သက်သာသည့် မြေပဲနှင့် နှမ်းစိုက်ပျိုးခြင်းလုပ်ငန်းကိုလည်း တွဲဖက်စိုက်ပျိုးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိသားစုစားဝတ်နေရေးနှင့် ဆီဖုံလုံရေးအတွက် အထောက်အကူဖြစ်စေပြီး မိသားစု အပိုဝင်ငွေရရှိရန်အတွက် ယခုနှစ်တွင် နှမ်းများပိုမိုစိုက်ပျိုးလာကြပြီး၊ ယခင်နှစ် နှမ်းတစ်တင်းလျှင် ငွေကျပ် ၉၅၀၀၀ ထိ ရောင်းချရပြီး၊ ယခုနှစ်မှာ နှမ်းများပေါ်ချိန်၌ တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀မှ၁၁၀၀၀၀)ထိ ရောင်းချရကြောင်း ယခုနှစ်တွင်နှမ်းများစျေးကောင်းရရှိ၍ မိသားစုစားဝတ်နေရေးအတွက် ပိုမိုအဆင်ပြေလျက်ရှိကြောင်း နှမ်းစိုက် တောင်သူများထံမှ သိရသည်။
နော်ခူး(ပြန်/ဆက်)