နေပြည်တော် မတ် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏လူဦးရေစာရင်းဇယားများကို အတည်ပြုထုတ်ပြန်နိုင်ရန်အတွက် ပိုမိုတိကျမှန်ကန်သော အနာဂါတ်လူဦးရေနှင့် လူမှုစီးပွားအချက်အလက်များကို ခန့်မှန်းနိုင်ရန် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသည့် လူဦးရေဆိုင်ရာ အချက်အလက်များကို လူဦးရေသန်းခေါင်စာရင်း အချက်အလက်များမှ ရရှိနိုင်မှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ကောက်ယူသွားမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာပြုစုထုတ်ပြန်ခြင်းလုပ်ငန်းများစသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပါဝင်နိုင်ရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ ဦးစီးမှူး ဦးအောင်ခိုင်ဆွေက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ လုပ်ငန်းတွင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)