ရန်ကင်း မတ်လ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သင်တန်းခန်းမ၌ ယနေ့နံနက် ၉နာရီခွဲက ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဟန်ချက်ညီညီ လည်ပတ်အောင် ဆောင်ရွက်သည့် ဌာနဖြစ်သလို ရပ်ကွက်/ကျေးရွာအုပ်စုအထိ အုပ်ချုပ်ရေးယန္တရား ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဌာနဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်သွားရမည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ကြီးလေးသည့် တာဝန်များကို ထမ်းဆောင်ရသည့် ဌာနဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ဝန်ထမ်းများအားလုံးက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို ကျေညက်မှသာ ရုံးလုပ်ငန်းများ မြန်ဆန်သွက်လက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ ကိုယ်ရည်ကိုယ်သွေး၊ လုပ်ငန်းကျွမ်းကျင်မှု၊ နိုင်ငံတော်အပေါ် သစ္စာရှိမှု၊ တာဝန်ယူ၊ တာဝန်ခံစိတ်ရှိမှုနှင့် မိမိတို့ ဌာနအပေါ် ဂုဏ်ယူပြီး လုပ်ငန်းတာဝန်အပေါ် တန်ဖိုးထားတတ်မှု စသည့်အရည် အသွေးကောင်းများ မြှင့်တင်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေး ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာပြီး မိမိတို့၏ အရည်အချင်း၊ အရည်သွေး၊ လုပ်ရည်ကိုင်ရည် တိုးတက်နိုင်ရေးဆိုသည့် ခံယူချက်ဖြင့် မှတ်သားရန်လိုကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် စွမ်းရည်မြှင့် သင်တန်းတွင် တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် သင်တန်းတွင် သင်ကြားပေးသည့် သင်ခန်းစာများကို သေချာလေ့လာ မှတ်သားစေလိုကြောင်း၊ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်ပြုမှု နေထိုင်စေလိုကြောင်းဖြင့် ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များအား ပို့ချပေးခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် အကြီးတန်းစာရေး (၅) ဦး၊ အငယ်တန်းစာရေး (၂၅)ဦး ပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ (၂၆) ရက်နေ့မှ မတ်လ (၂၁) ရက်နေ့အထိ သင်တန်းကာလ ရက်သတ္တပတ် (၄)ပတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။
လှလှထွေး(ပြန်/ဆက်)