သုံးခွ မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ကျောင်းသားကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် ပန်းချီပညာကိုအခြေခံမှစ၍ လေ့လာနိုင်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကြက်ခြေနီအသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဦးစွာ မြို့နယ်ကြက်ခြေနီအသင်း ကြက်ခြေနီတပ်ဖွဲ့မှူးဦးဝင်းနိုင်က အမှာစကား ပြောကြားရာတွင် ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပန်းချီပညာကိုအခြေခံမှစ၍ လေ့လာတတ်မြောက်နိုင်စေရန်စေတနာများဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲကနေပြီး ပန်းချီဆရာများနှင့်ပူးပေါင်း၍ ယနေ့ အခြေခံပန်းချီသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပန်းချီမြင့်သိန်း (မန္တလေး)၊ ပန်းချီ ဇော်မင်းအောင်(SMG)၊ ပန်းချီမျိုးနိုင် (သုံးခွ) တို့က ကလေးပန်းချီ၊ အငယ်တန်းပန်းချီ၊ ရေဆေးပန်းချီ စသည့်ပညာရပ်များကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နွေရာသီအခြေခံပန်းချီသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၄၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာယနေ့မှစ၍ နှစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)