ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးဘုရားဖူးရောက်ရှိခဲ့ပါက သမ္ဗုဒ္ဓေဂူဘုရား ဖူးမြော်ပြီး နေရာလွတ်မရှိအောင် ရေးဆွဲထားသည့် အေဒီ ၁၁ ရာစု နံရံဆေးရေးဗုဒ္ဓ ဆင်းတုတော်များကို လေ့လာနိုင်

ညောင်ဦး မတ် ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေး လာရောက်ခဲ့ပါက ပုဂံဒေသရှိသမိုင်းအထင်ကရ ဘုရားများကို ဖူးမြော်ပြီး သမ္ဗုဒ္ဓေဂူဘုရားအတွင်းရှိ အေဒီ ၁၁ ရာစုတွင် ရေးဆွဲထားသည့် နံရံဆေးရေး ဗုဒ္ဓဆင်းတုတော်များကို လေ့လာနိုင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

သမ္ဗုဒ္ဓေဂူဘုရားသည် ညောင်ဦးမြို့မှ ပုဂံမြို့သစ်သွားနှစ်လမ်းသွားကားလမ်းမကြီး မြောက်ဘက် အလိုတော်ပြည့်ဂူဘုရား မြောက်ဘက်ကပ်လျက်တည်ရှိပြီး အရှေ့ဘက်မုခ် လှည့်ဂူဘုရားတစ်ဆူဖြစ်ကာ ဂူဘုရားအတွင်း ပလ္လင်တော်ပေါ်၌ ထိုင်တော်မူ ဆင်းတုတော် တစ်ဆူကို ဖူးမြော်နိုင်သည်။ ဂူဘုရားအတွင်း တိုက်မနံရံနှင့် အမိုးခုံးတို့တွင် နေရာလပ်မရှိအောင် ရေးဆွဲထားသည့် အေဒီ ၁၁ ရာစု ထိုင်းတော်မူ ဗုဒ္ဓဆင်းတု နံရံဆေးရေး ပန်းချီများကို လေ့လာနိုင်သည်။ ပညာရှင်များ၏ ခန့်မှန်းပြောကြားချက်အရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ မိုးညှင်းသမ္ဗုဒ္ဓေဘုရားကြီးကိုလည်း ထိုဘုရားဂူအတွင်းမှ နံရံဆေးရေးဖြင့် ရေးဆွဲထားသည့် ပုံများအတိုင်း တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သမ္ဗုဒ္ဓေဂူဘုရား၏ တောင်ဘက်တွင် အလိုတော်ပြည့်ဘုရား၊ ဗူးလယ်သီးဘုရား၊ အနောက်ဘက်တွင် လောကမှန်ကင်းဘုရား၊ အနောက်လိုဏ်ရှည်ဘုရား၊ မြောက်ဘက်တွင် ထီးလိုမင်းလိုဘုရား၊ အရှေ့ဘက်တွင် အရှေ့လိုဏ်ရှည်ဘုရားနှင့် ရှင်ဘို့မယ်အုတ် ကျောင်းတိုက်တို့ကိုလည်း တဆက်တစပ်တည်း လေ့လာဖူးမြော်နိုင်ကြောင်း သိရသည်။

ဒီပါလင်း