ရန်ကုန် မတ် ၁
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အနောက်ပိုင်းခရိုင်အတွင်း အမျိုးသမီးအရေး ဆောင်ရွက်ချက်များ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသန္တာက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံနှင့် အမျိုးသမီးကဏ္ဍမြင့်တင် ဆောင်ရွက်ရန် လုပ်ငန်းများကိုလည်ကောင်း၊ အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်
ဦးစီးမှူး ဒေါ်ခင်မိုးဝေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ လှုပ်ရှားဆောင်ရွက်နေမှုများ၊ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ အမျိုးသမီးများ အခွင့်အရေး၊ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေး ဆောင်ရွက်နေမှုများ၊ အမျိုးသမီးကဏ္ဍ လှုပ်ရှားမှုအဆင့်ဆင့် ဆောင်ရွက်နေများကိုလည်းကောင်း၊ ဗဟန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး ဒေါ်နီလာမြင့်က မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ အမျိုးသမီးများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကြောင်းတို့ကိုလည်းကောင်း၊ ကမာရွတ်မြို့နယ်၊ ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်စုနဒီမိုးက အမျိုးသမီးများကို၊ ဥပဒေအရ ကာကွယ်ပေးထားမှု အခြေအနေ၊ ဥပဒေအသိပညာပေး လုပ်ငန်းစဉ်များနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများအတွက် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ ဗဟန်းမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ချယ်ရီလွင်က အမျိုးသမီးများကို ဥပဒေနှင့်ကာကွယ်စောင့်ရှောက်ပေးနေမှု လုပ်ငန်းစဉ်များနှင့် အမျိုးသမီးဘဝလုံခြုံ၊ ကာကွယ်၊ စောင့်ရှောက်ပေးနေမှု၊ လူကုန်ကူးမှု အခြေအနေများကိုလည်းကောင်း၊ အသီးသီးဆွေးနွေး ပြောကြားကြသည်။
ဆက်လက်ပြီး အခမ်းအနား တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်အနောက်ပိုင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ အမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)