မက်မန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်

မက်မန်း မတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများကို ယနေ့နံနက်(၈:၀၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက  စာစစ်ဌာနဖြစ်သော မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများစာမေးပွဲ ဖြေဆိုနေစဉ်အတွင်း မီးလန့်မှုများ၊ မီးလောင်မှုများ မဖြစ်ပွားစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုး ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မိမိတို့မြို့နယ်ရှိ စာစစ်ဌာနအား မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံးနှင့် ရေပုံးများ အသင့်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်မှ ဆောင်ရွက်ထားရှိမှုအား လိုက်လံရှင်းလင်း ပြသခဲ့သည်။

မက်မန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၁)ဦး ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)