ပင်းတယတွင် ဇော်ဂျီရေထွက်ချောင်းအနီးရှိ လယ်ယာမြေများ၌ ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပင်းတယ မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူအများစုတို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြုကြရာ ရာသီအလိုက်သီးနှံများကို မိသားစုစားဝတ်နေရေးဖူလုံစေရေးနှင့် လူမှုစီးပွားရေးအဆင်ပြေစေရေးအတွက် တောင်ယာ၊ လယ်ယာခြံများနှင့် နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုး၍ ရောင်းချကြသည်။

ထိုသို့ သီးနှံပင်များကို ရာသီအလိုက်စိုက်ပျိုးရောင်းချကြရာ ရေရှားပါးသည့် နွေရာသီကာလတွင် ဇော်ဂျီချောင်းအနီးအနားရှိ လယ်ယာမြေများတွင် ချောင်းရေအား အသုံးပြု၍ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်ပင်များအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ထွက်ရှိလာသော သီးနှံများအား ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ တောင်သူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး မိသားစုစားသုံးမှုဖူလုံရေးနှင့် အပိုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ခင်းများတွင် ချဉ်ပေါင်ပင်၊ မုံညှင်းပင်၊ ရုံးပတီးပင်၊ ဖရုံသီးပင်၊ ငရုတ်သီးပင်၊ ဆလတ်ရွက်ပင်နှင့် သခွားသီးပင်များကိုစိုက်ပျိုး၍ ပင်းတယမြို့မဈေးနှင့် ကျေးရွာများရှိဈေးများတွင် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိကြကြောင်း ဇော်ဂျီရေထွက်ချောင်းအနီးရှိ ရေဖြူကျေးရွာမှ တစ်ပိုင်တစ်နိုင် စိုက်ခင်းစိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)