လဲချားမြို့တွင် ကျောင်းအခြေပြုမီးဘေးအန္တရာယ်အသိပညာပေး လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

လဲချား မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ကအ.ထ.က (လဲချား)၌ ပြုလုပ်ခဲ့​သည်။

ရှေ့ဦးစွာ မြို့နယ်မီးသတ်တာဝန်မှူး တပ်ကြပ်ကြီးကျော်မျိုးဟန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူးထိန်းသိမ်းထားသိုနည်းများနှင့် အသုံးပြုနည်းများ၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား အသိပညာပေးပြောကြားခဲ့သည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းနှင့်ပတ်သက်၍ အရေးပေါ်မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး မရရှိနိုင်သည့်အခါ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသခြင်း၊ တက်ရောက်လာကြသူများမှ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးဖြိုးမြင့်ဝေ၊ မြို့နယ်ရဲမှူးရဲထွန်းဉီး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းဆရာ/မများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)