အမှတ်(၁)တပ်မတော်စစ်ဆေးရုံ ကုတင်(၁၀၀၀)မင်္ဂလာဒုံမှ နယ်လှည့်အထူးကုဆေးအဖွဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ရန်ကုန် မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် အမှတ်(၁)တပ်မတော်စစ်ဆေးရုံကုတင်(၁၀၀၀)မင်္ဂလာဒုံမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ရောက်ရှိကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်နေပြည်သူများက လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြိုဆိုကြသည်။

အဆိုပါ ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းမှစ၍ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ပဏ္ဍိတာရာမစလင်းကျောင်း တိုက်အတွင်းရှိဓမ္မာရုံတွင် အခြေပြု၍ မြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ရပ်ကွက်မှ ဒေသခံပြည်သူ ၂၄၈   ဦးအား မျက်စိ၊ သွေးတိုး ၊ ဆီးချို၊နှလုံး၊  နား၊ နှာခေါင်း၊ လည်ချောင်း၊ သွားနှင့် ခံတွင်းခွဲစိတ်စသည့် သက်ဆိုင်ရာရောဂါများအလိုက် စစ်ဆေး၍လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည့်အပြင် လိုအပ်ပါက အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဆေးကုသရေးအဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက လိုအပ်သည်များဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)