ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

 

ဇမ္ဗူသီရိ မတ် ၁

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးဆီ၊ ရောစပ်ဆီများ ရောင်းချမှုမရှိစေရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ  မြို့မစျေးနှင့် ချယ်ရီဈေးများသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံရဲစခန်းမှ တာဝန်ရှိသူများ၊ စျေးစည်ပင်အဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆေးဆိုင်များတွင် ဆေးဝါးများ ပြတ်လတ်မှုမရှိစေရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေးနှင့် စျေးကွက်ကစားမှုများမရှိစေရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့် ကြေညာထားသည့် အစားအသောက်များနှင့် သက်တမ်းလွန်အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးဆီများ ရောစပ်ရောင်းချမှုမရှိစေရေး၊ ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးတို့ကို ဈေးရောင်းချသူပြည်သူများအား စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)