ရွှေကူမြို့ ရပ်ကွက်ကော်မရှင်ရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ထည့်ရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲများ ကွင်းဆင်းဆောင်ရွက်

ရွှေကူ  နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို ကော်မရှင်ရုံးများတွင် လာရောက်ထည့်ရန် အခက်အခဲရှိသည့် အသက်(၆၀)နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာလ ၂ ရက်၊ နံနက် ၉ နာရီမှစ၍ မြို့ပေါ်ရပ်ကွက် များရှိ မဲဆန္ဒရှင်များထံသွားရောက်၍ ကြိုတင်ဆန္ဒမဲများ ထည့်နိုင်ရန်အတွက် ကွင်းဆင်း ကောက်ခံ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ကြိုတင်ဆန္ဒမဲများ ကွင်းဆင်းကောက်ခံဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲများကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် ရုံးများတွင် လာရောက် ထည့်ရန်အတွက် အခက်အခဲရှိသည့် အသက်(၆၀)နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင်များ၏ ကြိုတင် ဆန္ဒမဲများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်များနှင့်အညီ ကွင်းဆင်း ကောက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်/ကျေးရွာအုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ရွှေကူမြို့နယ်တွင် အသက်(၆၀) နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင် စုစုပေါင်း ၇၆၈၁ ဦးခန့် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)