မိုးမောက် နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကာလ အောက်တိုဘာလ (၂၉) ရက်နေ့မှ စတင်၍ အသက်(၆၀)နှစ် အထက်ရှိသူများနှင့် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် ကြိုတင်ဆန္ဒမဲကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲရုံးများသို့ သွားရောက်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရှိရသည်။
မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ လွယ်ဂျယ်မြို့များရှိ မဲရုံ (၄၅) ရုံမှ ကြိုတင်ဆန္ဒမဲပေးသူများကို မဲရုံပြင်ပ ကြီးကြပ်ရေး တာဝန်ထမ်းဆောင်သူများက ကိုဗစ် - ၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုယ်ပူချိန်တိုင်းခြင်း၊ လက်ဆေး ဆပ်ပြာရည်နှင့် လက်ဆေးစေပြီးမှ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များက မဲစာရင်းစစ်ဆေးခြင်း၊ လက်မှတ် ထုတ်ပေးခြင်း၊ ကြိုတင်ဆန္ဒမဲ ပေးစေခြင်းနှင့် ဆန္ဒမဲပေးပြီးကြောင်း လက်မှတ်ထိုးစေခြင်းများကို စနစ်တကျ ဆောင်ရွက် ပေးလျက်ရှိကြေင်းနှင့် အသက် (၆၀) ကျော် အဘိုးအဘွားများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
ကျန်းမာရေး အခြေအနေအရ ကြိုတင်မဲကို ကိုယ်တိုင်သွားရောက် မဲပေးနိုင်ခြင်း မရှိသည့် အသက်(၆၀)နှစ် နှင့်အထက် မဲဆန္ဒရှင်များ၊ နေအိမ်တွင် မီးဖွားနေသူများနှင့် မသန်စွမ်းပြည်သူများကို နေအိမ်တွင် ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး အောက်တိုဘာ (၂၉) ရက်နေ့မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေး နိုင်ကြောင်း သိရှိရသည်။
လွန်းနန်းထွေး(ပြန်/ဆက်)