ဆွမ်ပရာဘွမ် နိုဝင်ဘာ ၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖွဲ့ဝင်သင်တန်းကို ယနေ့နံနက် ၉ နာရီခန့်က ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ဘန်ရူခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက သင်တန်းအဖွင့် အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒိန်ခန်ယုံခက မဲရုံအဖွဲ့ဝင် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်လင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် မဲစာရင်းစစ်ဆေးသူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဆန္ဒမဲလက်မှတ် ထုတ်ပေးသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မှင်တို့ပေးသူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲရုံလုံခြုံရေး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ကမ္ဘာ့ကပ်ရောဂါ ဖြစ်သည့် ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ မဲရုံအဖွဲ့ဝင်များအနေဖြင့် သိသင့်သိထိုက်သည့် အချက်များနှင့် ဆောင်ရန်/ရှောင်ရန်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှထုတ်ပြန်ထားသော ဥပဒေနှင့် နည်းဥပဒေများ၊ မီဒီယာနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ မဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့် သရုပ်ပြခြင်းတို့ကို Power Point ဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သင်တန်းပို့ချပြီး ဆွမ်ပရာဘွမ်မြို့နယ် မြို့ပေါ် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိ မဲရုံအဖွဲ့ဝင် (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများမှ မတက်ရောက်နိုင်သည့် ကျေးရွာမဲရုံ အဖွဲ့ဝင်များကို ပြန်လည်ပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကုဋေ(ပြန်/ဆက်)