ကာမိုင်း နိုဝင်ဘာ ၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နောင်းမီကျေးရွာ၌ ယနေ့နံနက် (၁၀) နာရီခွဲတွင် ဆိုလာပြားနှင့် ဘတ္ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး လူနေအိမ်အပေါ်ထပ် တစ်ထပ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နောင်းမီကျေးရွာ၊ ရပ်ကွက် (၄)ရှိ ဦးလမိုင်ယော်၊ အသက် (၄၁) နှစ်၏ နေအိမ်သည် အလျား(၃၀)ပေ၊ အနံ(၂၀) ပေပတ်လည် သွပ်မိုး၊ အပေါ်ထပ်ထရံကာ၊ ပျဉ်ခင်းနှစ်ထပ်ဖြစ်၍ မီးဖိုချောင် ခေါင်မိုးပေါ်တွင်တင်ထားသည့် ဆိုလာပြားနှင့် ဘတ္ထရီအားသွင်းထားရာမှ အပူရှိန်လွန်ကဲပြီး အနီးအနားရှိထရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ်အပေါ်ထပ်တစ်ထပ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်နေရာသို့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမျိုးမြတ်အောင်နှင့် တပ်ဖွဲ့ဝင်များ နောင်းမီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ပေးနိုင်ခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ်ခုနှစ်သိန်း ငါးသောင်းရှိ၍ လူနှင့် တိရစ္ဆာန်များထိခိုက်မှု မရှိကြောင်း ကာမိုင်းနယ်မြေမီးသတ်စခန်း လက်ထောက်ဦးစီးမှူး ဦးမျိုးမြတ်အောင်ထံမှ သိရသည်။
ဇွဲသူရအောင် (ပြန်/ဆက်)