မင်းတပ် နိုင်ဝင်ဘာ ၃
မင်းတပ်မြို့၌ နိုင်ငံရေးပါတီများ လှည့်လည်မဲဆွယ်ခြင်း၊ ပါတီအင်အားပြသခြင်းများဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်ခြင်း၊ ပါတီဝင် အင်အားပြခြင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ခွင့်ပြုချက်၊ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် လူအင်အားထက်မကျော်စေရေး စသည်များကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်ဟိန်းက နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ ငြိမ်း၊ စု၊ စီ ဥပဒေနှင့်ဒေသန္တရဥပဒေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် လှည့်လည်အင်အားပြမည့်နိုင်ငံရေးပါတီ ကိုယ်စားလှယ်ခေါင်းဆောင်များက တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကိုမထိခိုက်စေရေးတို့အတွက် လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
လင်းလင်း (ပြန်/ဆက်)