မန္တလေး ဖေဖော်ဝါရီ ၂၅
မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်ကာလ ညပိုင်းတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်သော နေရာတစ်ခုဖြစ်လာစေရန် ၃၈လမ်း၊ ၇၃လမ်းနှင့် ၇၈လမ်းကြားတွင် Night market တစ်ခု ဖန်တီးသွားရန် စီစဉ်ထားကြောင်း သိရသည်။
“ ၃၈ လမ်း၊ ၇၃နဲ့ ၇၈ကို သင်္ကြန်ရက်မှာ ညမှာ ပိတ်ပြီးတော့ Night market တစ်ခုပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ အဲဒီမှာ တကယ့်ကို နိုင်ငံခြားသားတွေ တကယ့်ကို လာပြီး လည်ပတ်တဲ့ နေရာလေးတစ်ခု ဖြစ်အောင် လို့လည်း လောလောဆယ်တော့ အကြံပြုထားတာရှိပါတယ်။ ညမှာ သူ့ရဲ့ မိုဘိုင်းကားလေးတွေနဲ့ သူတို့ သပ်သပ်ရပ်ရပ်နဲ့ ယူနီဖောင်းတူရမယ်ပေါ့။ စင်ကအစ တကယ်လို့ သူတို့ တဲထိုးမယ်ဆိုရင်လည်း ယူနီဖောင်း တွေလည်း တူရမယ်။ အမြင့်တွေကလည်း တူရမယ်။ သန့်သန့်ရှင်းရှင်း ဖြစ်ရမယ်။ နေရာလေးတစ်ခုကိုတော့ ကျွန်တော်တို့ ညလေးမှာတော့ ဖန်တီးသွားဖို့ရှိတယ်။ အဲမှာ အရက်သေစာ ရောင်းချခွင့်မပြုဘူး” မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
မနော်ရမ္မံရှိ မဏ္ဍပ်ကို တိုင်းရင်းသားလူမျိုးစုများ ပါဝင်သည့် မဏ္ဍပ်တစ်ခု ကျင်းပနိုင်ရန်နှင့် ယိမ်းအကပြိုင်ပွဲ၊ သံချပ်ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်း၊ လမ်း၈၀၊ ၂၂လမ်းမှ ၁၂လမ်းထိ ရေကစား မဏ္ဍပ်ကြီးများကို ယခုနှစ်တွင် ပေ ၁၅၀ ကို ကြမ်းခင်းဈေး ကျပ်သိန်း ၁၅၀ ဟု အကြမ်းမျဉ်း သတ်မှတ်ထားပြီး လေလံပစ်သွားမည် ဖြစ်ကြောင်းနှင့် ရေကစားမဏ္ဍပ်ကြီး ဘေးတွင် ကာရံထားသော ဝင်းထရံ များ၊ မဏ္ဍပ်များ၏အပြင် နားနေဆောင်နေရာများကို အလုံပိတ် ပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
ထိပ်ထားနိုင်