ကော့သောင်း ဖေဖော်ဝါရီ ၂၅
ယနေ့ကမ္ဘာ နိုင်ငံတစ်ချို့တွင် ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019 Novel Corona Virus (အဆုတ်ရောင်) ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက် ကူးစက်ပျံ့ပွားမှု မရှိစေရေး မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက် ဂိတ်ရှိသည့် ကော့သောင်းမြို့ ရေဆိပ်နှင့် ကားဂိတ်တို့တွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း ၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ဝေသည့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus စတင်ဖြစ်ပွားမှုနှင့် ကူးစက် ပျံ့နှံ့နေမှု၊ ရောဂါ၏လက္ခဏာများ၊ ကြိုတင်ကာကွယ်ရန် လိုက်နာရမည့် အရေးပါသည့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ လူထူထပ်သည့် နေရာများသို့ သွားလာပါက နှာခေါင်းစည်း တပ်ကြရန်၊ နှာချေချောင်းဆိုးသည့် အခါ အသုံးပြုသည့် လက်ကိုင်ပုဝါ(သို့မဟုတ်) တစ်ရှူးစများကို စနစ်တကျ စွန့်ပစ်ကြရန်၊ လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောရန် စသည့် သတိပေးချက်များပါသည့် အသိပညာပေး လက်ကမ်း စာစောင်များအား ထိုင်း-မြန်မာနယ်စပ် အဝင်/အထွက် ဂိတ်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံမှ တဆင့်နိုင်ငံစုံမှ ခရီးသွားဧည့်သည်များဖြတ်သန်းဝင်ရောက်လည်ပတ်လျှက်ရှိသည့် အဏ္ဏဝါ ရပ်ကွက်၊ မြို့မတံတား ရေဆိပ် နှင့် ကော့သောင်းမြို့နှင့် ပြည်တွင်းမြို့ကြီးများသို့ ကူးသန်းသွားလာပို့ဆောင်ပေးလျက်ရှိသည့် သီရိမြိုင်၊ အဝေးပြေးကားဂိတ်မှ ထွက်ခွာမည့် မော်တော်ယာဉ်များပေါ်မှ ခရီးသည်များအား လိုက်လံဝေငှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်နှင့်သတိပြုနေထိုင်ရမည့် အချက်များအား ခရီးသွားပြည်သူများ သိထားနိုင်ကြစေရန် လက်ကိုင်စပီကာများဖြင့် နှိုးဆော် အသိပေးခြင်း၊ နံရံကပ်ပိုစတာများအား အများပြည်သူ သွားလာများပြား၍ အလွယ်တကူ မြင်နိုင်သည့် နေရာများတွင် လိုက်လံကပ်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)