ပူတာအိုမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်ဆန္ဒမဲများအား အများရှေ့မှောက်တွင် ချိတ်ပိတ်ခြင်း ဆောင်ရွက်

ပူတာအို     နို၀င်ဘာ  ၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ပြင်ပရောက်သူများက ပုံစံ(၁၅)ဖြင့် ကြိုတင်မဲပေးနိုင်ရန် တောင်းဆိုထားသူများမှ မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်ဆန္ဒမဲ ရောက်ရှိလာသူများအား အများရှေ့မှောက်တွင် ချိတ်ပိတ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြ သည်။

ပူတာအိုမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ပြည်သူများက ပုံစံ(၁၅)ဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ပြည်တွင်းမှ(၁၃)ဦး၊ ပြည်ပမှ(၃၉)ဦး တောင်းဆိုလာခဲ့ရာ ယနေ့အထိ ကြိုတင်ဆန္ဒမဲ ပြည်တွင်းမှ(၂)ဦး၊ ပြည်ပမှ(၂၇)ဦး စုစုပေါင်း(၂၉)ဦး တို့၏ ကြိုတင်ဆန္ဒမဲများ ရောက်ရှိလာပါကြောင်း၊ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲများအား ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) (၂)၊ ရ၀မ်၊ လီဆူ၊ ရှမ်း၊ ဗမာ တိုင်းရင်းသားလူမျိုးလွှတ်တော် ကြိုတင်ဆန္ဒမဲပုံးအသီသီးတွင်  သက်ဆိုင်ရာ လွှတ်တော်အလိုက် အများရှေ့မှောက်တွင် ထည့်သွင်းကာ ချိတ်ပိတ်ခြင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရောက်ရှိရန်ကျန်ရှိသည့် ကြိုတင်ဆန္ဒမဲများ ရောက်ရှိလာပါကလည်း အများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ သက်ဆိုင်ရာလွှတ်တော်ကြိုတင်ဆန္ဒမဲပုံးသို့ ထည့်သွင်းသွားမည်ဖြစ်ပါကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရှဘောင်ဖုန်၀င့်က ပြောကြားခဲ့သည်။

အဆိုပါမဲဆန္ဒနယ်ပြင်ပမှရောက်ရှိလာသော ကြိုတင်ဆန္ဒမဲများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့၀င်များ၊ နိုင်ငံရေးပါတီများမှ တာ၀န်ရှိသူများ၊ ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာသူများ ရှေ့မှောက်တွင် ဆန္ဒမဲပုံးအား အလွတ်ဖြစ်ကြောင်းပြသခြင်း၊ လုံခြုံရေးကြိုးများဖြင့် စနစ်တကျပိတ်ခြင်း၊ လုံခြုံရေး လျှို့ဝှက်ကုဒ်နံပါတ်များအား တက်ရောက်လာသူများက မှတ်သားစေခြင်းနှင့် ချိတ်ပိတ်ထားသော ကြိုတင်ဆန္ဒမဲ လက်မှတ်စာအိတ်များအား သက်ဆိုင်ရာ မဲပုံးအတွင်းထည့်ခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ပူတာအိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄)အုပ်စု၊ မဲရုံပေါင်း(၄၈)ရုံတွင် မဲဆန္ဒရှင် စုစုပေါင်း(၃၉၂၂၁)ဦးတို့က နိုင်ငံရေးပါတီခုနစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား သက်ဆိုင်ရာလွှတ်တော်အလိုက် မဲပေးကြမည်ဖြစ်ပြီး မဲဆန္ဒနယ် ပြင်ပရောက် ပြည်တွင်း(၂)ဦး၊ ချင်းမိုင်မှ(၁၃)ဦး၊ ဘန်ကောက်မှ(၄)ဦး၊ ဂျပန်မှ(၂)ဦး၊ မလေးရှားမှ(၂)ဦး၊ စင်ကာပူမှ(၆)ဦး စုစုပေါင်း(၂၉)ဦးတို့၏ ကြိုတင်ဆန္ဒမဲများ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)