ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် ကျေးရွာသန့်ရှင်းသာယာရေး စုပေါင်းအမှိုက်ကောက်

ကျောက်တန်း ဖေဖော်ဝါရီ ၂

 ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် မျိုးဆက်သစ်လူငယ် ပရဟိတအဖွဲ့မှ ဦးဆောင်၍ ကျေးရွာလုံးကျွတ် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မျိုးဆက်သစ် လူငယ်ပရဟိတအဖွဲ့နှင့် အမှိုက်ကောက်ပြည်သူများအား ကျေးရွာမှ စေတနာရှင်များက အာဟာရဒါနများဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့က အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျေးရွာတွင်း လှည့်လည်ပြီး အမှိုက်များ ကောက်ကြပါတယ်။ အမှိုက်ကင်းစင် ကျေးရွာအဖြစ် ကျောက်တန်းမြို့နယ် အတွင်းမှာတော့ ကျွန်တော်တို့ ကန်ပြောင်ရွာက ပထမဆုံးစတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရွာက ၂၀၁၇ ခုနှစ် ကတည်းက စတင်ဆောင်ရွက်နေပြီး မြို့နယ်ကျေးလက် ဦးစီးဌာနဝန်ထမ်းများကပါ လာရောက်အားပေး ချီးမြှင့်တဲ့အတွက် ကျွန်တော်တို့ရွာအနေနဲ့ များစွာဂုဏ်ယူပါကြောင်း” ကန်ပြောင်ကျေးရွာ မျိုးဆက်သစ် လူငယ် ပရဟိတအဖွဲ့မှ ဦးမောင်အုန်းက ပြောကြားခဲ့သည်။

ကျေးရွာသန့်ရှင်းသာယာလှပရေး၊ ကျေးလက်နေ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်ရေး၊ အမှိုက်ကင်းစင် ကျေးရွာအဖြစ် ရေရှည်တည်တံ့ရေး ရည်ရွယ်ပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)