ဟားခါး ဖေဖော်ဝါရီ ၂၆
ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ အာဟာရမှန်ကန်စွာ ကျွေးမွေးနိုင်ရေး ချမ့်စ်ကလေးအားဆေးက ကြီးမှူးပြီး ချင်းပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအချိန်ထိ ချင်းပြည်နယ်ဟားခါးမြို့ Carson Hall ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ ချင်းပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာ ထန်နှင်းလျံက အဖွင့်အမှာစကား ပြောကြားပြီး နောက် ဒေါက်တာအေးခိုင်ဇာလတ်က “ကလေးငယ်များ သွက်လက်ချက်ချာစေဖို့ ကျန်းမာသန်စွမ်းမည့် အစားအစာတွေကို ကျွေးကြစို့” ခေါင်းစဉ်ဖြင့် ကလေးငယ်များ အာဟာရပြည့်ဝစေနိုင်ရေး၊ မှန်ကန်စွာ ကျွေးမွေးနိုင်ရေးအတွက် ဟောပြောဆွေးနွေးပြီးနောက် ရုပ်ရှင်သရုပ်ဆောင်ဆန်းထွဋ်က ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး ကလေးများနှင့်အတူ ဂိမ်းကစားခြင်းများနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်၍ ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟားခါးမြို့ပေါ်ရှိ အစိုးရမူလတန်းကြိုကျောင်းများ၊ ကိုယ်ပိုင်မူလတန်းကြိုကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ် များနှင့် ကလေးမိဘများ တက်ရောက်ခဲ့ကြပြီး နာမည်ကျော် ဟာသမျက်လှည့်ဆရာ ဂျိုကာအဖွဲ့က မျက်လှည့်ပြဖျော်ဖြေကာ ချမ့်စ်ကလေးအားဆေးက ကလေးငယ်များအတွက် အားဆေးအမျိုးမျိုးတို့ကို စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)