မိုင်းဖြတ်၌ တောင်သူ ၃၈ အား မြန်မာ(GAP)အသိအမှတ်ပြု လက်မှတ်များပေးအပ်

မိုင်းဖြတ်  ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြိုနယ်တွင်  စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ   ၂၀၁၈-၂၀၁၉  မိုးစပါးရာသီ၌ လျှောက်ထားခဲ့သော တောင်သူ ၃၈ ဦးအား မြန်မာ (GAP) အသိအမှတ်ပြု လက်မှတ် ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားပြီး တာချီလိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်းဦးစီးမှူး ဦးမိုးကျော်စွာဝင်းက   (GAP) အသိအမှတ်ပြု လက်မှတ်ကို မိုင်းဖြတ်မြို့နယ်အနေဖြင့်   ပထမဦးဆုံး ရရှိသည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း၊ ယခုလို စပါးနှင့် သီးနှံများကို စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး စနစ်တကျ စိုက်ပျိုးဖို့ရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊  မြန်မာ(GAP) အသိအမှတ်ပြု လက်မှတ်များကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်းဦးစီးမှူး ဦးမိုးကျော်စွာဝင်း၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့် တာဝန်ရှိသူ များ က ၂၀၁၈-၂၀၁၉ မိုးစပါးရာသီတွင် ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာမှ တောင်သူ ၃၈ ဦး လျှောက်ထားခဲ့သည့် စပါး(GAP) အသိမှတ်ပြု လက်မှတ်များနှင့်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေပဲနှင့်  ပဲပုတ်မျိုးများကို တောင်သူများထံ အသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)